စင်သီယာ
နှလုံးသားနဲ့ဖတ်ဖို့
(ရင်၌ဖြစ်သော)
..........................ချစ်ဇနီးသို့....
“စင်သီယာ”
ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲ မေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့ပါနဲ့ ဝေဒနာ
ငါမနေတတ်ဘူး......
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့်နားထောင်ချင်တာလဲ
အဲ့မှာစွဲတဲ့မြှားချက်က
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ
ငါ့ကဗျာ ဘယ်မှာလဲ..........။
“စင်သီယာ”
ငါမပြောတော့ဘူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘေဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ ကိန်းဂဏန်းတွေ
“ငွေ.....ငွေ.....ငွေ”(မင်းတို့)
ဆိုနေကျသီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံးထဲ ငါ့ကိုမဆွဲနဲ့စင်သီယာ
ငါမလာနိုင်ဘူး
စူးစူးဝါးဝါး အော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဘူး.........
“စင်သီယာ”
မင်းဘာမှမသိဘူး
ငါ့ဘ၀ဟာ ဆူးနဲ့ခလုတ်ပဲ
ညွတ်တဲ့ဥုကောင်းနဲ့ ငါ့အသက်မရှင်
လေးညို့ကိုငင်ပြီးမှ မာနအခွံခွာ
ငါတောင်းပန်ရမှာလား....
မင်းစကားပြန်အနှုတ်မှာ
ငါ “ဖြုတ်” ကနဲကြွေခဲ့ပေါ့
ညှိုးရော့တဲ့ငါ့အပြုံး
နေပါဦး အချစ်
ပစ်မသွားပါနဲ့ကွယ်
နွေလယ်အိပ်မက်တစ်ခု
ငါစာတမ်းပြုထားတယ် စင်သီယာ
မင်းဘာမှမသိဘူး..........။
“စင်သီယာ”
မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမဲ့တိတ်တစ်ခွေ
မင်းငိုနေသလား.....အချစ်
အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘ၀၊ မင်းအသက်
မင်းဟာစက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တရားရဲ့လည်ပါတ်မှုဖြစ်စဉ်မှာ
ငွေဟာလောင်စာပဲ စင်သီယာ
မင်းမညာနဲ့.......။
“စင်သီယာ”
မင်းကိုငါချစ်တယ်
ရာစုနှစ်ပေါင်းများစွာမှာ
လူတွေဒါပဲပြောကြတယ်
ငါ့အတွက်စကား(၅)လုံး
မင်းအပြုံးက၀ါးမြိုခဲ့
သရော်တဲ့နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘ၀မှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေ အစားတောင်းပြီး
အသက်နဲ့အညီအမျှကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကိုငါချစ်တယ်......။
“စင်သီယာ”
ဘာကြောင့်လဲ
ဖန်တီးဆဲ ဂီတမှာ
သာယာမှုမဲ့တယ်
နွယ်မြတ်သစ်ပင် သံယောဇဉ်မဟုတ်
ကဗျာတစ်ပုဒ် ကြေပျက်ပြီးမှ
မင်းဝန်ချမှာလား
ဆေးသမားမှားတဲ့အခါ
ပန်းပွင့်တရာကြွေစေတယ်
ရေဒီယိုသတ္တိကြွအပြုံး
ငါ့နှလုံးသားထက်မှာ
ဗုံးကျင်းရာထင်ပြီ စင်သီယာ
ဘာကြောင့်လဲ.........။
“စင်သီယာ”
ငါမငိုဘူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေးလမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့သစ်ရွက်
ချွေးစက်တွေချွေရဦးမယ်
တကယ်ပါစင်သီယာ
ငါမငိုဘူး....
ပထမဦးဆုံးမင်းအတွက်ငါ
သေခဲ့တာကြာပြီလေ
မကြွေနဲ့စင်သီယာ
ငါ.................။
သျှပ်မှူးကျော်
“မြ”ကဗျာစာအုပ်(၁၉၈၁)မှ.............။
ဒီကဗျာလေးဟာ အဆိုတော် ဆရာထူးအိမ်သင်ရဲ့ ငယ်လက်ရာလေးတစ်ပုဒ်ဖြစ်ပါတယ်...........။ ဆရာ့အားအမှတ်တရ အဖြစ် သူ့ကဗျာလေးကိုတင်လိုက်ပါတယ်..........။ သျှပ်မှူးကျော်ဆိုတာကတော့ ဆရာ့ရဲ့ ကလောင်ပါပဲ......။ ဆရာ့မှာ ကလောင်ခွဲအနေနဲ့ လင်းထက်ဆိုတဲ့နာမည်လဲရှိပါတယ်...........။ ဆရာကတော့ ခုချိန်ဆို ဘယ်ကမ္ဘာမှာ ဘယ်ကဗျာတွေ ဘယ် သီချင်းတွေ ဘယ်သံစဉ်တွေနဲ့ သာယာနေပါလိမ့်.........။ အမှတ်ရပါတယ်...... ငှက်လိုပဲပျံသန်း တေးကဗျာတွေကို ကျူးရင့် ဒီလိုပဲ ထွက်ခွာသွားခဲ့တဲ့ ကိုငှက်ကြီးရေ.............. လွမ်းဆွတ်တမ်းတမိပါတယ်........။
{လေတံခွန်}
1 comments:
ကို ငှက် က ဗျာ ကို ဖတ် ရ လို့ ကျေးဇူးပါ လေတံခွန်ရေ ...။
Post a Comment