ယနေ့သည်......

Wednesday, April 29, 2009

.

လေပြည်သို့

နေညိုညို တိမ်တောက်ပြီးချိန် အနောက်ဘက်စက်ဝန်းဆီမှ လက်ပြနေသော နေမင်းအား ငွေစန္ဒာကပြုံးသယောင်ယောင်နှင့် နှုတ်ဆတ်နေသည်....။ ဘာမဆိုင်ညာမဆိုင်နှင့် ကျွန်တော်သည်လည်း လက်ပြသွားခဲ့သူ လေပြည်ကို သတိရမိသည်...။ တချိန်ကလေပြည်သည် ကျွန်တော့်နှလုံးသား၏ ခောတ်အဆက်ဆက် ဘုရင်မဖြစ်ခဲ့သည်...။ ဘုရင်မ၏ အာဏာသံများ ကြားယောင်မိသည်...။.ဘုရင်မကြောင့်လွမ်းမိသည်...။ ဘုရင်မကြောင့်ဆွေးမိသည်...။ ပျောက်ခါစအနာရွတ် တို့ကတဆစ်ဆစ် ပြန်ကိုက်လာခဲ့သည်....။
လေပြည်....ဇာတ်လမ်းတစ်ခုကိုငါ့ရဲ့ ခွင့်ပြုချက်မရပဲ မင်းစခဲ့တယ်...။ ဇာတ်လမ်းတစ်ပုဒ် ပြီးခဲ့တယ်...။ ငါ့ရဲ့ခွင့်ပြုချက်တို့ မပါပဲပေါ့...။ အရာရာမှာ မင်းအလိုကိုငါလိုက်ခဲ့တယ်...။ ငါက“ရိုး”တယ်....။ ဒါပေမယ့်မ“အ”ဘူး...။ ချစ်နေလို့ မင်းအလိုကိုလိုက်လျောခဲ့တယ်...။ အဲ့ဒါကိုငါ“အ”လို့လို့မင်းထင်ရင် မင်းမှားသွားမယ်နော်..။ မင်းပေးခဲ့တဲ့ ဝေဒနာကို သေရာပါအောင်ငါမယူလိုပေမယ့် ငါ့ဘ၀ရဲ့အတိတ်တစ်ကွက်မှာ အမည်းတစ်စက်အဖြစ် ကျန်ခဲ့ပြီလေ..။ မင်းကြောင့်ရတဲ့အလွမ်းတွေသာ အတိုင်းအတာရှိမယ်ဆိုရင် ကမ္ဘာကြီးကို ၃ပါတ်လောက်ပါတ်မိကောင်းရဲ့....။
လေပြည်.....မိုးစုန်းစုန်းချုပ် လမင်းငုတ်တဲ့အထိ ငါလျှောက်သွားမိနေတုန်းပဲကွာ....။ လမ်းတစ်ဖြတ်က အလွမ်းသက်သက်နဲ့တည်ထားတဲ့ ကဖေးဆိုင်လေးရဲ့ အတွင်းထောင့်တစ်နေရာမှာ အဆွေးဝေဒနာနဲ့ အတွေးကမ္ဘာပျက်နေတဲ့ ငါ့ဆီပြန်လာလှည့်ပါ....။ မင်းကြိုက်တတ်တဲ့ Black coffee တစ်ခွက်ကို အချစ်တို့ နဲ့ရောကျို ငါ့ရှေ့မှာနေရာချထားတယ်....။မင်းလမ်းကြုံရင်တော့ ၀င်သောက်လှည့်ပေါ့...။ Black coffee ကခါးသက်သက် အလွမ်းတစ်ခွက်အနေနဲ့ ငါ့အချစ်ကို သက်သေထူနေဆဲပဲပေါ့....။
လေပြည်......ဒီအချိန်ဆို နင်မငိုတော့ပဲ ရောက်ရာအရပ်မှာပျော်လို့နေပြီပေါ့နော်....။ငါ့မှာတော့ အရင်တစ်ခေါက်လောက် မြေနီလမ်းမှာခပ်မြောက်မြောက် မလျှောက်နိုင်တော့ဘူးကွာ....။မြေနီလမ်းက စက္ကူပန်းကြွေတွေကတော့ အနမ်းသက်သေအဖြစ် ဒီနေ့ထက်ထိ ရှိနေဆဲပါကွာ....။ ဟိုနားက လျှောက်နေကျ လမ်းမှာတောင် မင်းရနံ့တို့ ပျောက်ရှလို့ပါရောလားကွာ....။ ဒါပေမယ့်ငါရောက်တိုင်းတော့ စက္ကူပန်းတွေက ကြွေနေဆဲပဲလေ....။ မြေနီလမ်းမှာ လေနီကြမ်းတွေက တိုက်လို့နေဆဲပေါ့...။ အတွေးထဲမှာလဲ နင်က ဘုရင်မလိုလှပနေဆဲပေါ့....။
လေပြည်.....ဘာတွေပဲဖြစ်နေပါစေ.....မင်းကိုငါချစ်နေပါသေးတယ်ကွာ...။ အရင်လိုယုယချင်ပါသေးတယ်...။ ဖြစ်နိုင်မယ်ဆိုရင် ဒီတစ်ညတော့အမှီတော့နင်ပြန်ခဲ့လိုက်ပေါ့ကွာ....။

0 comments:

Post a Comment