ကျွန်တော်လဲ ဟာသလေးတွေမရေးတာကြာပြီ....။ ကောင်းကောင်းတော့မရေးတတ်ဘူး...။ ဒါပေမယ့် ဟာသ ဆိုတာကိုဝါသနာပါတယ်..။ ဟာသရေးရတာ တကယ်ကမလွယ်ဘူးဗျ...။ ဟာသတွေနားထောင်တယ်...။ ကိုယ် ကိုယ်တိုင် အဲ့သည့် ဟာသတွေကို တခြားလူတွေကိုပြန်ပြောပြတယ်...။ ဒါပေမယ့် မူလ ကကိုယ်ကြားခဲ့ရတုန်း ကလောက် ဟာသမမြောက်တာတွေဖြစ်တတ်တယ်...။ တကယ်တော့ ဟာသဆိုတာလဲ လုပ်ချင်တိုင်း လုပ်လို့မရ ပြောချင်တိုင်းပြောလို့မရပါဘူး...။ ပါရမီ ဆိုတာရှိရပါတယ်...။ ကျွန်တော်က တော့ပါရမီမရှိပါဘူး..။ ဒါပေမယ့်လဲ ဟာသဆိုတာတွေကိုစိတ်ဝင်စားတယ်..။ ဒါကြောင့် ကျွန်တော် ဟာသလေးတစ်ခုပြောပြ ပါမယ်...။ တကယ့်ဖြစ်ရပ်ဆိုလဲမှန်ပါတယ်...။ တကယ်လို့ ရယ်စရာဖြစ်မနေရင် တင်ပြမှုညံ့ဖျင်းသော ကျွန်တော့်ကြောင့် ဟုသာမှတ်ယူပါလေ...။ တကယ်က ကျွန်တော် ဟာသပြောပြမှာပါ....။
မကွေးဆေးကျောင်းသားအဆောင်တစ်ခုတွင်ဖြစ်သည်....။ အဆောင်ပိုင်ရှင်မှာ အသက် ၆၀ အရွယ်ရှိ မိန်းမကြီး တစ်ဦးဖြစ်သည်...။ ထိုမိန်းမကြီးသည်... အလွန်ကတ်သတ် သူဖြစ်သည်...။ နာမည်မှာ ဒေါ် ကပ်စီးဟုပဲထားပါတော့....။ ဥပမာပြောရလျှင် သူ့အဆောင်တွင်နေသော သူပင် အဆောင်မှ ရေအလကားသောက်၍ မရ...။ ရေတစ်ဘူးလျှင် ၅၀ ပေးရသည်...။ ရေသန့်လားဆိုတော့မဟုတ်ပါ...။ ဘူးကတော့ Alpine လိုဘူးမျိုးဖြစ်သည်..။ အထဲက ရေကတော့ အ၀ီစိရေ...။ အ၀ီစိရေကို မှ ရေခဲသေတ္တာထဲထည့်ရောင်းခြင်းဖြစ်သည်...။ မကွေးဆိုသည်က ရေတွင်ထုံးပါတတ်သည်လဲဖြစ်သည်...။ ထို့ကြောင့်သောက်၍လဲမကောင်းပါ...။ တစ်ခါက ကျွန်တော်တို့ ထိုအဆောင်တွင် ကျူရှင်တတ်ရာ ဆရာသောက်ရန်ရေကိုပင် ၀ယ်ရ၍ မှတ်မိနေခြင်းဖြစ်သည်...။ နောက်ဆိုးသည်က မနက် ၆နာရီမှစ၍ ညနေ၇နာရီအထိ လျှပ်စစ်မီးမပေးပေ...။ သူ့အကြောင်းပြချက်က နေ့လည်ဆိုလျှင် လျှပ်စစ်မီးမလို သောကြောင့်တဲ့...။ ဟုတ်တော့လဲဟုတ်သည်....။ ဒါပေမယ့် လျှပ်စစ်မီးကတော့လိုပါသည်....။ နေ့လည်တွင် အ၀တ်အစားများမီးပူတိုက်ရမည်...။ နောက် ညမီးမလာသည့်အခါ ဖွင့်ရန် မီးအိမ်များကို အားသွင်းစရာရှိတာသွင်းရမည်...။ သို့သော် ဒေါ်ကပ်စီး ကတော့ နေ့လည်ဖက် မီးမေးချေ....။
ှယခုဖော်ပြသည်တို့မှာ အမြည်းသဘောမျိုးပင်ဖြစ်သည်....။ တကယ့်ဇာတ်လမ်းက ခုမှစမှာ.....။
တစ်နေ့.....။ ကျောင်းပိတ်ထားတဲ့ စနေနေ့တစ်နေ့ပေါ့...။
တူ... တူ.... တူ.... တူ..... (ဖုန်းသံမြည်လာခြင်းဖြစ်သည်....။)
ဒေါ်ကပ်စီး ဖုန်းနားသို့ရောက်သွားသည်....။ ထို့နောက်ဖုန်းကိုမကိုင်သေးပဲ ဖုန်းအချိန်မှတ်သည့် နာရီအားအရင် ခလုတ်နှိပ်၍ စမှတ်လိုက်သည်....။ ပြီးမှ ဖုန်းကိုကိုင်လိုက်ပြီး လေးတွဲသော အသံဖြင့် ဟူလို(အမှန်က ဟယ်လို ဟုထူးလိုက်ခြင်းပင်....။) ဟုပြောလိုက်သည်...။ ထို့နောက် ဟိုဘက်ကဘာပြောသည်တော့ မသိ...။ ထို့နောက် အဖွားကြီးက ဖုန်းကို ဘေးမှာချ၍ တစ်ချက်သမ်းလိုက်ပြီး ဖိုးနီရေ ဖုန်းလာတယ် ဟု လမ်းခေါ်ပေးလေသည်.....။ ထို့နောက် ဖိုးနီ ဖုန်းပြောသည်.....။ ခန့်မှန်းခြေ ဖိုးနီ ဖုန်းပြောသည်မှာ ၈မိနစ်လောက်တော့ရှိမည်ထင်သည်...။ နောက်ဖုန်းချလိုက်သည်...။ ထို့နောက် ဒေါ်ကပ်စီးက ဖိုးနီ အားဘယ်သူဆက်တာလဲ ဟုပင်မေးလိုက် သေးသည်....။ ဖုန်းအချိန်မှတ်သည့်နာရီကိုတော့ မရပ်လိုက်သေး....။ ဖိုးနီက အိမ်ကဆက်တာပါဟု ဖြေတော့မှ အချိန်မှတ်သည့် နာရီက ရပ်သွားသည်...။ ထို့နောက် ဒေါ်ကပ်စီး ပိုက်ဆံတွက်သည်...။ ၈ မိနစ်နဲ့ ၂၅စက္ကန့် ဆိုတော့ ၉မိနစ်ပဲထားပါတော့...။ အင်း..... အ၀င်ကော ဆိုတော့ တစ်မိနစ်ကို ၃၀ ... ၉မိနစ်ဆိုတော့ ၂၇၀...... ဖိုးနီသား ၃၀၀ပဲပေးပါ.... ဟူသတတ်....။

{လေတံခွန်}
0 comments:
Post a Comment