ဘာလိုလိုနဲ့ ကျောင်းမှာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ(Fresher Welcome) လုပ်တော့မယ့်အချိန်တောင်နီးလာပြီ...။ ဒီလိုအချိန်ရောက်တိုင်း ကျွန်တော်မကွေးကို စရောက်တုန်းကအကြောင်းတွေတောင်သတိရမိတယ်...။ စရောက်တုန်းကတော့ ဘာရယ်မဟုတ်ဘူး..။ ရေမြေအသစ်ဆိုတော့ လွဲလိုက်သမှ ဘာမှန်းတောင်မသိဘူး...။ ခုတော့လဲ ၃နှစ်ဆိုတဲ့ကာလကိုရောက်လာတော့လဲ အရင်ကကြုံခဲ့တဲ့အခက်အခဲတွေက ဘာမှမဟုတ်တော့သလိုပဲ....။စရောက်တုန်းကဆို မကွေးကရေကို ပါးစပ်ထဲထည့်လို့ကိုမရဘူး...။ မကွေးက မုန့်ဟင်းခါးဆို ဘယ်လိုမုန်းလို့မုန်းမှန်းမသိဘူး....။ ပဲတွေကိုအစေ့လိုက်ထည့်ပြီး.... ကုလားဟင်းကျနေတာပဲ....။ စားလို့လုံးဝမကောင်းဘူး...။ ထမင်းကြော်ဆိုရင်လဲ ဆီကသိပ်မပါဘူး...။ ခြောက်သွေ့လို့......။ ခုများတော့လဲ မကွေးကရေကို သောက်ရတာပဲ ပိုအရဿာရှိလာသလိုလို..... ကုလားဟင်းနဲ့တူတဲ့ မုန့်ဟင်းခါးပဲ စားချင်လာသလိုလို ခြောက်ကပ်နေတဲ့ ထမင်းကြော်တွေပဲ နေ့တိုင်းစားနေရသလိုဖြစ်လာပြီ....။ အဲပြောရင်းနဲ့ အဓိကပြောချင်တဲ့အကြောင်းမရောက်တော့ပဲနေဦးမယ်...။ အဓိကပြောချင်တာလေး ဆက်လိုက်ဦးမယ်...။ အဓိကပြောချင်တာလေးက မောင်မယ်သစ်လွင်ကြိုဆိုပွဲ(Fresher Welcome) အကြောင်းပါ.....။ အဲ့တုန်းက ကျွန်တော့်ဘ၀ကြီးပြောင်းလဲသွားခဲ့ရပုံများ မပြောလိုက်ချင်ပါဘူး....။ ဟီးဟီး... ဒါပေမယ့်ပြောဦးမယ်.....။
အဲ့သည်နေ့က ဘယ်နှရက်နေ့မှန်းတော့မသိဘူး.....။ ကျွန်တော်မကွေးမှာ ပထမဆုံးကျောင်းတက်တဲ့နှစ်ပေါ့....။ ကျွန်တော်ကလဲ မကွေးကိုရောက်စ ကျောင်းကလဲခုမှဖွင့်ကာစ ဆိုတော့ ကျောင်းအကြောင်းဘာမှမသိဘူး......။ တစ်ခါကလွဲလိုက်ပုံများ.... ခြေထောက်ကိုတိုသွားတာပဲ.....။ လမ်းလျှောက်လိုက်ရလို့လေ....။ ဖြစ်ပုံကဒီလိုဗျ...။ ကျွန်တော်တို့ ကျောင်းသွားရင် RTC ကားကြီးတွေစီးသွားရတယ်....။ ကျောင်းပြန်ရင်လဲအဲ့လိုပဲ...။ RTC စီးပြီးပြန်ရတယ်...။ RTC ကြီးတွေကတော်တော်တောင်အိုနေပြီ....။ ကျွန်တော်တို့ ကျောင်းကိုသွားပေးတဲ့ကားက ၂မျိုးရှိတယ်....။ Express တွေရယ် RTC တွေရယ်....။ RTC က ကျောင်းသားတွေစီးဖို့ Express တွေက ဆရာမတွေစီးဖို့...။ အဲ့ဒါကို မသိတော့ ပထမဆုံးကျောင်းသွားအပ်တဲ့နေ့က Express ပေါ်အတင်းလိုက်တက်လို့ သူငယ်ချင်းကမနည်းတားယူလိုက်ရတယ်....။ နောက်ကျောင်းရောက်တော့လဲ ဆက်လွဲတာပဲ....။ ကျောင်းအပ်တော့ အသားကုန်လူတွေတိုးရတယ်.....။ ဒါပြီးတော့မတိုးရတော့ဘူးလားမှတ်တယ်....။ ကန်တင်းရောက်တော့ ဆက်တိုးရပြန်တာပါပဲဗျာ....။ စရောက်ရောက်ချင်းဆိုတော့ ကျောင်းကကန်တင်းတွေအကြောင်းမသိဘူးဗျ....။ ရုပ်ရှင်တွေ ၀တ္ထုတိုတွေထဲကလို စာပွဲထိုးကလာမေးမယ်ထင်နေတာ...။ ဒါပေမယ့်ဗျာ အထင်နဲ့အမြင်တက်တက်စင်အောင် လွဲခဲ့ပါတယ်ဗျာ...။ ကိုယ်စားမယ့်ထမင်းကိုယ့်ဘာသာ သွားယူ ပြီးရင်ကိုယ့်ဘာသာပိုက်ဆံသွားရှင်း.....။ System ကတော့ သောက်ရမ်းမြင့်တယ်....။ ဒါကို မသိလေတော့ ကျွန်တော်က ကန်တင်းက စားပွဲတစ်လုံးမှာ ရုပ်တည်ကြီးနဲ့ ငုတ်တုတ်ထိုင်နေတာပေါ့....။ နောက်တော့မှ ဘယ်စားပွဲထိုးမှလဲ မတွေ့ ဘယ်သူ့မှလဲမလာတော့မှ သူများမေးကြည့်တော့ ကိုယ့်ဘာသာသွားယူရတာတဲ့ဗျာ......။
နောက်ထပ်လွဲတာက စာအုပ်ထုတ်တဲ့နေရာ.....။ စာအုပ်ဝယ်တုန်းက ဆရာမတွေကပြောလိုက်တယ်...။ ပထမနှစ်က ဌာနတွေမှာသွားထုတ်ပါတဲ့....။ ပထမနှစ်ကဘယ်နားမှာလဲ ဆိုတော့ ဟိုဘက်မှာတဲ့.....။ လက်ညိုးထိုးပြလိုက်တယ်.....။ သူပြောတဲ့ဘက်ကို ကျွန်တော်လဲသွားတာပေါ့.....။ အဲ့တုန်းက အခုလိုကျောင်းမှာ ကော်ရစ်တာတွေလဲ မဆောက်ရသေးဘူး.....။ ကျောင်းဆိုတာ လုံးဝလွင်ပြင်ကြီးထဲမှာရှိတဲ့ အဆောက်အဦးကြီးတွေပဲ.....။ လွင်ပြင်ကြီးထဲမှာ ကျောင်းဆောင်ကြီး ၂ခုကလွဲလို့ တခြားအဆောက်အဦးဆို တာတချို့ပြောသလို တပြလို့ဆိုမလား.....။ အဲ့နားမှာမှ အဆောက်အဦးသေးသေးလေး တွေရှိတယ်....။ ပထမက ကျွန်တော်ထင်တာ အဲ့သည့်အဆောက်အဦးလေးတွေက ၀န်ထမ်းအိမ်ယာလိုဟာမျိုးထင်တာ.....။ နောက်ကျတော့မှ သိရတာက အဲ့သည့်အဆောင်ပုပုလေးတွေက ကျွန်တော်တို့ရဲ့ ပထမနှစ်စာသင်ဆောင်ဖြစ်နေတယ်....။ ပြောရင်းနဲ့ အဓိကပြောချင်တဲ့အကြောင်းအရာတွေလွဲကုန်ပြန်ပြီ.....။ လွဲနေပေမယ့် ဆက်ပြောဦးမယ်.....။ ပြောရတာအရှိန်ရလာပြီ....။
ပထမဆုံးကျောင်းသွားအပ်တဲ့နေ့.....။ ပြန်ရတဲ့အချိန်က စောနေတယ်....။ ဖယ်ရီဂိတ်ကိုကြည့်လိုက်တော့ ကားတစ်စီးထိုးထားတယ်....။ လူကလဲ သိပ်မများဘူး...။ ဒါနဲ့ပဲမတိုးရတော့ဘူး ဆိုပြီး ပြေးတက်သွားလိုက်မိတယ်....။ ကားပေါ်ရောက်တော့လဲ မမလှလှတွေပါတော့ ထိုင်ကြည့်နေတာပေါ့...။ ဘယ်ရမလဲ...။ မမလှလှ တွေကတော့ သူတို့ဘာသာ ငြင်းလို့ခုန်လို့...။ ဘာတွေပြောမှန်းမသိပါဘူးဗျာ....။ ဆရာမအကြောင်းတွေရော သူတို့အကြောင်းတွေရော.....။ နောက်ပြီး ဆပ်ပလီဖြေပြီး စူပါဆပ်ပလီဆွဲလို့ ဆိုပြီးပြောနေကြတာ....။ စုံလို့ပါပဲ....။ ကျောင်းစတက်ထဲက ဆပ်ပလီဆိုတဲ့ စကားနဲ့ ရင်းနှီးခဲ့တဲ့ ကျွန်တော် ပထမနှစ်ကို အင်္ဂလိပ်ဆိုတဲ့ သူငယ်တန်းထဲက သင်ခဲ့ရသောဘာသာ ကို ဆပ်ပလီထိခဲ့ပါသည်....။ အဲတခြားနေရာရောက်သွားပြန်ပြီ....။ RTC ပေါ်ပြန်တက်မယ်....။ ကားပေါ်ရောက်ရောက်ချင်းထင်တာက ဒီတစ်ခေါက်တော့မလွဲတော့ဘူး....။ မှန်သွားပြီပေါ့.....။ ဒါပေမယ့် ကားကမြို့ထဲလဲ ၀င်ရော စလွဲတော့တာပါပဲဗျာ.....။ ကျောင်းကစီစဉ်ပေးထားတာက ကားတွေကို လမ်းကြောင်း၅ခုလုပ်ပေးထားတယ်....။ ကျွန်တော်နေတာက လမ်းကြောင်း၎ မှာ....။ ခု စီးသွားမိတဲ့ကားက လမ်းကြောင်း၃ ကား.....။ ကိုယ်ဆင်းရမယ့်နေရာ ဘယ်နားမှန်းမသိတော့ဘူး....။ တခါထဲ ရူးချင်သွားတယ်....။ အဲ့မှာတစ်ခုကံကောင်းသွားတာက ကျွန်တော်နဲ့ အဆောင်ချင်းနီးတဲ့အကိုတစ်ယောက် ကားပေါ်မှာပါလာတာပဲ.....။ အဲ့ဒါနဲ့ပဲ နည်းနည်းစိတ်သက်သာရာရသွားတယ်.....။ သူကားပေါ်ကဆင်းတော့လိုက်ဆင်းတယ်....။ အောက်ရောက်တော့ သူ့ကိုသွားမေးရတယ်.....။ သွားမေးတော့ သူက အဆောင်မပြန်သေးဘူးတဲ့ မဒီလေးနဲ့ လန်းလိုက်ဦးမယ်တဲ့....။ ဒီလမ်းအတိုင်းသွားရင် လမ်းကြောင်း ၄ ပေါ်ကိုရောက်သွားလိမ့်မယ်.....။ အဲ့ကျမှ ကိုယ့်အဆောင်ကိုယ်ရှာပြန်ဆိုပြီး လမ်းညွှန်လိုက်လေတော့ ကျွန်တော် မျိုးကြီး အဆောင်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးပြန်ရောက်သွားခဲ့ပါတယ်......။ ဒါပေမယ့် ခြေကိုတိုရော.....။ လမ်းလျှောက်လိုက်ရတာအဝေးကြီးပဲ.......။
အဲ့သည့်နေ့က နည်းနည်းအေးနေသလိုပဲ.....။ ဒီတော့ ကျွန်တော်ကလဲ အထဲကအင်္ကျီ လက်ရှည်ပေါ်ကို အပေါ်က ကုတ်အင်္ကျီ တစ်ထည်ထပ်ဝတ်သွားတယ်...။ အောက်ကဘောင်းဘီက ရပ်ပါဘောင်းဘီ(အလွယ်ခေါ်ခြင်း) ဆံပင်က တောပုန်းလို အရှည်ကြီးနဲ့....။ ကိုယ့်ကိုယ်ကိုတော့ မှန်ထဲကြည့်လိုက်တော့ ကိုရီးယားမင်းသားလိုလို ဘာလိုလို နဲ့.....(ဟီးဟီး ကိုယ့်ဘာသာထင်တာပြောပါတယ်..)။ အဲ့သည့်နေ့က ကျောင်းရောက်တဲ့အထိ ရှော့ခ်မရှိခဲ့ပါဘူး....။ ဒါပေမယ့် နေ့လည် ၁၂နာရီထိုးခါနီးတော့ စပြီးကွိုင်တော့တာပဲ.....။ ကျွန်တော်တို့ ပဲခူးတိုင်း စီနီယာတွေက လာခေါ်တယ်...။ Meeting လုပ်ဖို့တဲ့....။ အဲ့မှာစတွေ့တာပဲ.....။(ဓါတ်တိုင်နဲ့ မခိုင်နဲ့) တကယ်တွေ့တာကတော့ ကျွန်တော့်ရဲ့ ကိုရီးယားမင်းသားစတိုင်(ကိုယ့်ဘာသာ နာမည်တပ်ခြင်း) နဲ့ ကျွန်တော်တို့ Bago Family ကလူတွေနဲ့လေ....။ အဲ့မှာ Fresher welcome မှာစင်ပေါ်တင်ဖို့ ဆိုပြီး လူရွေးတယ်...။ နာမည်တွေတစ်ယောက်ပြီးတစ်ယောက်ခေါ်ပြီး meeting လုပ်တဲ့အခန်းထဲကစင်ပေါ်တက်ခိုင်းတယ်....။ အားလုံက ခုမှဒီကျောင်းရောက်ပြီး ကိုယ်မသိတဲ့လူတွေရှေ့မှာ စင်ပေါ်တက်ဖို့ဆိုတော့ နည်းနည်းရှိန်နေကြတာပေါ....။ ကျွန်တော်လဲ တော်တော်လန့်နေတာ....။ စင်ပေါ်ရောက်မှ ဒူးတုန်နေရင် ဂွပဲဆိုပြီးတွေးပူနေတာလေ....။ ကျွန်တော့်နာမည်ခေါ်သံလဲ ကြားရော ကျွန်တော်နေရာကမထသေးဘူး....။ ငြိမ်နေသေးတယ်....။ ထိုင်နေတာကနောက်ဆုံးဆိုတော့ ဟိုးအရှေ့မှာထိုင်နေတဲ့ လူတွေကလဲ ဘယ်သူများလဲဆိုပြီး ၀ိုင်းပြီးလှည့်ကြည့်ကြတယ်....။ အဲ့ကျမှ ကျွန်တော်ကလဲ ဆရာကြီးစတိုင်နဲ့မတ်တပ်ရပ်ပြီး ထွက်လာလိုက်တယ်...။ ကျွန်တော်ထွက်လာလိုက်တယ်ဆိုရင်ပဲ Bago Family ပရိသတ်တွေရဲ့ သြဘာပေးသံနဲ့ လက်ခုပ်သံတွေက ဆူညံသွားခဲ့တယ်....။ ကျွန်တော်လဲ ကြားကြားချင်း ရင်တော်တော်ခုန်သွားတယ်...။ လန့်လဲ လန့်သွားတယ်...။ ချက်ချင်းနေရာမှာသွားပြန်ထိုင်ချင်စိတ်ပေါက်သွားတယ်...။ ဒါပေမယ့် အဲ့လိုမလုပ်ဖြစ်ခဲ့ပါဘူး....။ ရုပ်ကိုအတက်နိုင်ဆုံးတည်ပြီး စင်ပေါ်တက်သွားလိုက်တယ်....။ပြီးကာမှ နေရာမှာလာပြန်ထိုင်တာပေါ့....။ နေရာရောက်တော့ ဘေးမှာထိုင်နေတဲ့ကောင်က ဘာပြောလဲဆိုတော့ မင်းတော့ King ဖြစ်ပြီထင်တယ်.... ဟုလာပြောတော့ နဂိုထဲက ကိုယ့်ကိုယ်ကို ကိုရီးယားမင်းသားစတိုင်ဖမ်းလာတာဆိုတော့ ဘ၀င်တွေလေဟပ်ကုန်တာပေါ့.....။ နောက်ကျတော့ Title တွေလဲ ကြေညာရော ကျွန်တော်ကဘာဖြစ်သွားတယ်ထင်သလဲ....။ တကယ်ကလဲ အဲ့Title ပဲရသင့်တာပါ....။ ရုပ်ကိုကအဲ့လိုရုပ်ပေါက်နေတာလေ...။ ဘာTitle လဲဆိုတော့ Mr.Joker တဲ့ဗျာ.....။ ကျွန်တော့်မှာ အဲ့ထဲက Joker ဆိုတဲ့ဘ၀ကိုခံယူလိုက်ရတာခုထိပါပဲဗျာ............။
3 comments:
ဟား..ဟား...ဟား...ကိုလေတံခွန်ရယ်
ဖြစ်ရလေ............
တော်တော်တော့ အမှတ်ရခဲ့လွဲခဲ့တယ်ထင်တယ်
အဲဒီအလွဲလေးတွေကပဲ ကျောင်းသားဘ၀ကို ပြန်လွမ်းစေတာဗျ
ကူးတို့လဲ ဒီလိုပါပဲ အလွဲလေးတွေ အလွဲလေးတွေ
ကိုလေတံခွန် ဆက်ကြိုးစားပါ
ဟီးဟီး..ဂလိုလား..တူတူပါပဲလေ..
ဖတ်ပြီး ရယ်မိပါသည်.. Mr Joker ဆိုတာလဲ တော်ရုံအရည်အချင်းနဲ့တော့ ရမယ် မထင်ပါ...
ဒီနေ့တင်တဲ့ ပိုစ့်မှာ နံမည်ထည့်သွင်းထားပါသည်.. ခွင့်မတောင်းဘဲ ထည့်မိတာခွင့်လွှတ်ပါ.. mylovecafe user ချင်းမို့ ရင်းနှီးလို၍ ဖြစ်ပါသည်..
Post a Comment