ယနေ့သည်......

Saturday, January 3, 2009

.

မောင်တို့ဌာနေပဲခူးမြေ...............

မြန်မာလူမျိုးမှန်လျှင် ဟံသာဝတီကိုသိကြသည်....။ သမိုင်းတချိန်က ဘုန်းမီးနေလတောက်ပခဲ့သည့်
ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ စံမြန်းရာ ဟံသာဝတီပြည်...။ အရှေ့တောင်အာရှတလွှားတွင် သြဇာညောင်းခဲ့သော
ဒုတိယမြန်မာနိုင်ငံတော်ကြီး၏ ရေမြေ့သခင် ကျော်ထင်နော်ရထာ၏ အောင်မြေဖြစ်သော မဟာစေတီမှာလဲ ယနေ့ခောတ်ပဲခူးမြို့၏
အထင်ကရတစ်ခုဖြစ်သည်...။ ပဲခူးမြို့၏ ပြယုဒ်တစ်ခုဖြစ်သော ဟသာင်္မောင်နှံမှာလဲ သူ့ရာဇ၀င်နှင့်သူပင်...။ ထိုဟသာင်္နှစ်ကောင် ခိုနားရာ၌ပင်
ဘုရားတစ်ဆူတည်ထားခဲ့ကြသေးသည်...။ ထင်းဘုရားမှာ ဟသာင်္ကုန်းဟုခေါ်ရာ ကုန်းတော်မြတ်ပေါ်တွင်တည်၍ ယင်းစေတီကိုလဲ
ဟသာင်္ကုန်းဘုရားဟုသာခေါ်ဝေါ်သမှုတ်ကြသည်...။ စင်စစ် ဥဿဟုအမည်တွင်ခဲ့သည့်ပဲခူးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယမြောက်
ပုဂံပင်ဖြစ်သည်...။ အဘယ်ကြောင့်ဤသို့ဆိုသနည်းဆိုလျှင် ဖြေရန်မှာအသင့် ရှိနှင့်ပြီးဖြစ်သည်.....။ ဥဿပဲခူး၌သာသနာတော်သည်
ရှေးယခင်ကလွန်စွာထွန်းကားခဲ့ပြီး စေတီပုထိုးများသည်လဲ ပေါများလွန်းလှ၍ဖြစ်သည်။ ယခင်ကပဲခူးမြို့သည်အလွန်လှပသောမြို့တမြို့
ဖြစ်ခဲ့သည်...။ ကမ္ဘောဇသာဒီနန်းတော်ကြီးမှာဆိုလျှင် ယခင်က နန်းတော်၏တိုင်များအားလုံးလိုလို ကိုပင် ရွှေချထားခဲ့နိုင်သည်အထိ
ထိုခောတ်က စည်ပင်ဝပြောခဲ့သည်...။ ယင်းတစ်ခောတ်က အရှေ့တောင်အာရှ၌ မြန်မာတို့ရွှေထီးဆောင်းခဲ့ချိန်ဖြစ်သည်...။
ထိုမျှလှပခဲ့သောနန်းတော်ရာကြီးသည်ပင်လျှင် အနိစ္စသဘောအရ ပျက်သုဉ်းခဲ့ရသည်...။ တိုင်းတပါးသားတို့နှင့် နိုင်ငံ့သစ္စာဖောက်များက
နန်းတော်ကြီးကို မီးလောင်တိုက်သွင်းခဲ့ကြသည်...။ မည်သို့ပင်ဆိုစေ ယနေ့မြန်မာနိုင်ငံတော်အစိုးရ၏ ကြိုးပမ်းမှုကြောင့် ရွှေနန်းတော်ကြီး
ကိုပြန်လည်တည်ဆောက် နိုင်ခဲ့ပြီဖြစ်သည်..။ သို့သော်ရှေးကကဲ့သို့တော့ နန်းလုံးပြည့်ရွှေမချနိုင်တော့ပေ....။ ဤသို့ဖြစ်ရသည်မှာ ကျွန်ုပ်တို့
မြန်မာများ နယ်ချဲ့တို့၏ ကျွန်သပေါက်ဘ၀သို့ ရာစုနှစ်တခုနီးပါးကျရောက်ခဲ့ရ၍ ဖြစ်သည်...။ နယ်ချဲ့တို့၏ ကုတ်သွေးစုတ်ခြင်းခံခဲ့ရသော
မြန်မာနိုင်ငံမှာ သယံဇာတများဆုံးရှုံးခဲ့ရသည်..။ မြန်မာမှု အမွေအနှစ်များဆုံးရှုံးခဲ့ရသည်..။ မည်သို့ပင်ဆိုစေ ဟံသာဝတီဟုအမည်တွင်ရာ
ပဲခူးမြေမှာ အတော်အသင့်တော့ လှပနေဆဲပင်ဖြစ်သည်...။
ရှေးယခင်က မြန်မာတို့၏ စပါးကျီသဖွယ်ဖြစ်ခဲ့သော မြန်မာနိုင်ငံအောက်ပိုင်းများမှတစ်ဒေသ ဖြစ်သော
ပဲခူးမြေမှာလဲ ယနေ့တိုင် ဆန်ရေစပါးပေါများဆဲပင်ဖြစ်သည်...။ ယနေ့အခြေအနေ၌ ပဲခူးမြေသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက်
အကြီးဆုံး စပါးကျီကြီး အဖြစ်တည်ရှိနေဆဲပင်ဖြစ်သည်..။ ယခင်က မင်းနေပြည်တော်ဖြစ်ခဲ့သလို ယနေ့ခောတ်တွင်လဲ
လမ်းပန်းဆက်သွယ်ရေး သာယာကောင်းမွန်ရာ မြို့တစ်မြို့အဖြစ်တည်ရှိနေဆဲပင်...။ အထက်မြန်မာနိုင်ငံတော်မှ အောက်မြန်မာပြည်သို့
ဆင်းလိုလျှင်လဲ ပဲခူးမြို့၌ ခရီးတထောက်နားကြရသည်...။ မြန်မာနိုင်ငံ၏အဓိက လမ်းမကြီးသည်ပင်လျှင် ပဲခူးမြို့ကိုဖြတ်၍ သွားရသည်...။
အထက်အညာမှကုန်များဆိုလျှင်လဲ ပဲခူးမြို့၌ လွယ်လင့်တကူဝယ်ယူ၍ ရသည်...။ အောက်ပြည်၏ထွက်ကုန် ငပိငါးခြောက်များသည်လဲ
ပဲခူးနယ်မှာပေါများသည်..။ ပဲခူးမြို့၏ အဓိကထွက်ကုန်ဟုပြော၍ရသည့်ဆားမှာလဲ မီးဖိုချောင်ထဲ၌တစ်နေရာယူထားသည်..။
နေရာတကာပါတတ်သူကိုပင်လျှင် ပဲခူးဆားဟုပြောသည်အထိ ပဲခူးဆားမှာ နေရာတိုင်း၌ လိုအပ်သည့် ပစ္စည်းတစ်ခုဖြစ်သည်...။
ယင်းအပြင် ပဲခူးငါဖယ်ချဉ်၊ငါးလေးချဉ်၊ပုဇွန်ချဉ်များမှာလဲ ပဲခူးမြို့၏ အမှတ်တံဆိပ်တစ်ခုဖြစ်သည်..။ ထို့မျှမကသေးပေ..။ ပဲခူးတွင်
စားနပ်ရိက္ခာသာမက သောက်သုံးရေလဲပေါကြွယ်ဝသည်..။ ပဲခူးနယ်တ၀ိုက်တွင်လယ်ကွက်များသာများသည်မဟုတ်...။
မြစ်ချောင်းအင်းအိုင်တွေလဲ ပေါသည်...။ သို့အတွက် စားနပ်ရိက္ခာများ သောက်သုံးရေများအတွက်ပူပင်ကြောင့်ကြမရှိပေ..။
ရာသီဥတုသည်လဲ သာယာလှသည်..။ နွေရာသီ၌ မပူလွန်းသလို ဆောင်း၌လဲမအေးလွန်းပေ...။ သင့်တင့်မျှတရု့သာရှိသည်...။
ရံဖန်ရံခါ မိုးကြီးတတ်သည်သာရှိသည်..။ ထိုသို့ မိုးကြီးသည့်အခါများတွင်လဲ အချို့မြေနိမ့်ဒေသရှိရက်ကွက်တချို့တွင် ရေလွှမ်းပြီး လှေလေး
များနှင့်သွားလာနေကြသည်မှာ တောင်ကြီးအင်းလေးကန်ကြီး ကဲ့သို့ပင်...။ ပဲခူးမြို့၏ အလှတရားများကိုပြောပြ၍ကုန်ဖွယ်ရာမရှိလောက်ပေ...။
စေ့စပ်သေချာစွာကြည့်လျှင် လွန်စွာလှသောပဲခူးနယ်ပင်ဖြစ်သည်..။
ပဲခူးနယ်သည်သာယာသကဲ့သို့ ပဲခူးမြို့သည်လဲ စိတ်ကူးယဉ်ဆန်ဆန်တည်ရှိသည်..။ မြို့လယ်တည့်တည့်မှ
ပဲခူးမြစ်သည် ဖြတ်၍စီးဆင်းနေသည်..။ ပဲခူးမြို့ကို အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ ခွဲထားသည်...။ ပဲခူးမြို့တွင် အဓိကလမ်းမကြီးက
မြို့ကိုတောင်ဘက်ခြမ်း နှင့် မြောက်ဘက်ခြမ်းဟူ၍ခွဲထားသည်..။. ထို့ကြောင့်ပဲခူးမြို့သည် အပိုင်းလေးပိုင်းရှိသည်..။ ပဲခူးမြို့အရှေ့ခြမ်းသည်
မြို့တွင်းပိုင်းဖြစ်သည်...။ အနောက်ဘက်ခြမ်းသည် တိုးချဲ့မြို့သစ်ဖြစ်ပြီး ကျယ်ဝန်းသည်...။ ပဲခူးမြစ်၏အရှေ့ဘက်ကမ်း၏ မြောက်ဘက်တွင
် ပဲခူးမြို့မဈေးရှိသည်...။ မြို့မဈေးကြီးသည် သပ်သပ်ရပ်ရပ်ပင်ဖြစ်သည်..။ သူ့နေရာနှင့်သူကန့်သတ်ခွဲခြားထားသည်...။ အ၀တ်အထည်
ရောင်းသည့်အခြမ်း...။ အသားစိမ်းရောင်းသည့် နေရာကတစ်ကန့်...။ ဟင်းရွက်ရောင်းသည့်နေရာကတစ်ပိုင်း...။ သစ်သီးရောင်းသည်
ကတစ်ပိုင်း...။ အကန့်လေးများနှင့်ရှိသည်...။ လမ်းမကြီးမှဖဲ့ဆင်းလိုက်လျှင်ဆင်းလိုက်ချင်း အ၀တ်အထည်များရောင်းသည့် နေရာလေးကိုတွေ့ရမည်..။
ယင်းအ၀တ်အထည်တန်းတွင် ချည်ထည်များကိုဈေးနှုန်းချိုသာစွာနှင့်ဝယ်ယူနိုင်မည်ဖြစ်သည်..။ ထိုချည်ထည်တန်းမှဆက်လျှောက်လာလျှင် အသီးအရွက်များ
ရောင်းချသည့် နေရာဖြစ်သည်..။ ၄င်းဈေးတန်းလေးထဲတွင် လတ်ဆတ်သန့်ရှင်းသော ဟင်းသီးဟင်းရွက်မျိုးစုံကိုတွေ့ရမည်ဖြစ်ပြီး စိတ်ကြိုက်ဝယ်ယူနိုင်မည်ဖြစ်သည်..။
အသီးအရွက်တန်းကိုလွန်လာလျှင် သားငါးများရောင်းချရာဈေးတန်းလေးဖြစ်သည်..။ ယင်းဈေးတန်းလေးသည် မြစ်ကမ်းဘေးတွင်ရှိသည်ဖြစ်ရာ
လတ်လတ်ဆတ်ဆတ်ဖြစ်သောငါးများကိုလိုအပ်သလိုဝယ်နိုင်သည်..။ အသားများဝယ်ယူရာတွင်လဲ အလေးမပြည့်မည်ကို စိုးရိမ်ရန်မလိုပေ...။
ဈေးထဲတွင်သမာဓိချိန်ခွင်ဟုခေါ်ရာ အစိုးရချိန်ခွင်၌ အခမဲ့ချိန်ကြည့်နိုင်သည်...။ အလေးမပြည့်က ဈေးသည်များထံမှ ပြန်လည်၍ အလေးမြည့်ရန်လိုအပ်သည်
ကိုတောင်းနိုင်သည်..။ သားငါးတန်းကိုလွန်လျှင် သစ်သီးပန်းမာန်တို့ရောင်းရာဈေးတန်းရှိသည်..။ ထိုဈေးတန်းလေးထဲရောက်သွားလျှင်လဲ
ပန်းမျိုးစုံတို့ရနံ့မှာထုံသင်းလျက်ကြည်နူးဖွယ်ပင်ဖြစ်သည်...။ ပဲခူးမြို့၏ မြို့မဈေးကြီးထဲတွင် အခြားအခြားသောစားသောက်ကုန်များလဲ ၀ယ်ယူနိုင်သည်..။
ဖော်ပြပါ ဈေးတန်းများသည် မြစ်ကမ်းဘေးတွင်ရှိပြီး ယင်းတို့၏ ကအပ်ရက်တွင် အထွေထွေ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များလဲရှိပေသည်..။ ပဲခူးမြို့၏
မြို့မဈေးကြီးထဲတွင် အပ်တိုတချောင်းမှအစ ရွှေငွေလက်ဝတ်ရတနာများပါဝယ်ယူနိုင်သည်..။ ဤမျှပစ္စည်းများကိုစုံလင်စွာရသည့်ပဲခူးဈေးကြီးထဲသို့
မိတ်ဆွေတို့ကိုအလည်တစ်ခေါက်တော လာရောက်စေချင်ပါသည်............။ ဤတွင်တော့ဤမျှသာ....တင်ပြပါမည်...။ နောက်နောင်တွင
် ပဲခူးမြို့၏စေတီပုထိုးများနှင်တကွ အခြားအခြားသောအထင်ကရ များကိုတင်ပြပါဦးမည်ခင်ဗျာ..................။ ဖတ်ရှုသူများ
မင်္ဂလာအပေါင်းနှင့်ခညောင်းနိုင်ကြပါစေ လို့ဆုမွန်ကောင်းတောင်းအပ်ပါသည်............။

0 comments:

Post a Comment